web development ကို စလေ့လာတုန်းက ဒါတွေသိခဲ့ရင် ပိုကောင်းမယ်။
web development ကိုလေ့လာမဲ့ Beginner တွေအတွက် သိထားသင့်တာတွေနဲ့ developer လမ်းကြောင်းပေါ်ကို ရောက်လာဖို့ အတွက် ဆောင်ရန် ရှောင်ရန် တွေကို ပြောပြထားပါတယ်။
ကိုယ့်ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော် တည်ဆောက်ပါ။ Tutorial တွေကို ကြည့်လိုက် code လိုက်လုပ်တာက သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူများ ရေးပြတာကို လိုက်ရေး / သူများ တည်ဆောက်နေတာကို လိုက်တည်ဆောက် နေတာနဲ့ ကိုယ်ပိုင် အတွေးတွေကို ကိုယ်တိုင် တည်ဆောက်တာနဲ့ မတူပါဘူး။ Tutorial တွေကို လမ်းညွှန်စာအုပ်လို့ပဲ သဘောထားပါ။ လမ်းသိပြီဆိုရင် ကိုယ့်ဘာသာ လျှောက်ပါ။ လမ်းမသိတော့မှ လမ်းညွှန်စာအုပ်လေးကို ပြန်ဖွင့်ဖတ်ပါ။ Tutorial တွေကိုလဲ ဒီလိုသဘောပါပဲ။ ကို့ဘာသာ ရေးကြည့်။ နားမလည်တာရှိမှ ပြန်ဖွင့်ကြည့်။ သူရေးပြတဲ့ အတိုင်း ရေးမဲ့အစား ကိုယ်ရဲ့ စိတ်ကူးထဲက ရေးချင်တာလေးတွေကိုပါ ပေါင်းပြီး ရေးကြည့်ပါ။
Tutorial Hell ကနေ လွတ်ဖို့ လေ့လာပုံကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို ဒီ blog မှာ ဖတ်ရှုနိုင်ပါတယ်။ [Blog Post]
ဒါကလဲ လေ့လာတဲ့သူ တစ်ရာမှာ နှစ်ရာလောက် ဖြစ်နေကျ ကိစ္စတစ်ခုပါ။ error တတ်တာပေါ့။ ဒါနဲ့တွဲပြီးလာတာက စိတ်ရှုပ်တာ။ စိတ်ရှုပ်တာနဲ့ တွဲပြီး ထပ်ပါလာတာက စိတ်ဓာတ်ကျတာပါ။ တကယ်တော့ error တတ်တာက ကောင်းပါတယ်။ မရှင်းနိုင်တော့လို့ စိတ်ရှုပ်လာရင် ခနနားပါ။ စီနီယာတွေကို မေးကြည့်ပါ။ Error တတ်မှပဲ ဒီ Error တွေကို ရှင်းရင်း Error message တွေကို ရင်းနှီးလာမယ်။ ဖတ်တတ်လာမယ်။ Browser Dev Tools တွေကို ရင်းနှီးလာမှာ ဖြစ်ပါတယ်။
Error message တွေက ရုတ်တရက်ကြည့်လိုက်ရင် အနီရောင်နဲ့ စိတ်ရှုပ်စရာစာလုံးတွေ ဖြစ်နေပေမဲ့ တကယ်တမ်းကျ ဘာတွေမှားနေလဲ / ဘယ်နေရာမှာ မှားနေတာလဲ ဆိုတာကို ပြပေးနေတာပါ။ များများမြင်ရလေ မြန်မြန် Debug လုပ်နိုင်လေလို့ပဲ မှတ်ပြီး Error တွေကို မကြောက်ဘဲ ဆက်ကြုံးပါ။
ဒါကြောင့်ကျွန်တော့အတန်းတွေမှာဆိုရင် Error ဘာမေးရင် ကျောင်းသားတွေကို တိုက်ရိုက် solution မပေးပါဘူး။ ဟိုဟာစစ်ကြည့် ဒီဟာစစ်ကြည့် network panel ထောက်ကြည့် ဒီလိုမျိုးပဲ ပြောပြီး Error ကို ကိုယ်တိုင်ရှာတွေ့အောင်နဲ့ Debug ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးပဲ ပြောဖြစ်ပါတယ်။ ရှုပ်တယ်၊ အပိုတွေပါလို့၊ ထင်တဲ့သူတွေအတွက် လမ်းကြုံတုန်းပြောပေးတာ ဖြစ်ပါတယ်။
လေ့လာတဲ့သူများများက နည်းနည်းလောက်ရပြီဆိုတာနဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ project အသေးလေးတွေ ရေးတာထက် yt tutorial တွေကို ကြည့်ပြီး Facebook clone တို့ E-commerce website တို့ ဒီလို အကြီးကြီးတွေကို တည်ဆောက်ချင်ကြပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ကြည့်လိုက် ရေးလိုက်နဲ့ပေါ့။ နားလည်လားဆိုရင် မလည်ဘူး။ ဘယ်ဟာက ဘယ်လို အလုပ်လုပ်မှန်းလဲ မသိလိုက်ဘူး။ project ကြီးတော့ ပြီးသွားတယ်ဆိုရင် အချိန်ကုန်တာပဲ အဖက်တင်ပါတယ်။
ဒီလိုတွေ လျှောက်လုပ်မဲ့အစား လေ့လာပြီးသွားတာလေးနဲ့ပဲ project အသေးလေးတွေ ရေးကြည့်ပါ။ ဥပမာ_ html css js လေ့လာပြီးရင် responsive web design လေးတွေ ရေးကြည့်တာမျိုး crud project လေးတွေ ရေးကြည့်တာမျိုးလေးတွေကို အရင်စမ်းရေးကြည့်ပါ။ ပြီးမှ တစ်ဆင့်ချင်း လိုအပ်တဲ့ library တွေ framework တွေကို လေ့လာပြီး step by step သွားပါ။ JavaScript project တွေကို ကျွန်တော်တို့ yt channel ရဲ့ JavaScript series မှာ ကြည့်လို့ရပါတယ်။
ဒီနိုင်ငံမှာ တော်တော်များများတွေ့ရတာက framework/ library user ကြီးတွေပါ။ အလုပ်ရချင်ဇောများတာတွေ နဲ့ အခြေခံတွေကိုရှုပ်တယ် ဆိုပြီး အခြေခံတွေကို သေချာမလေ့လာဘဲ framework တွေ library တွေကို ခုန်ကူးကြတာပါ။ ဒါက ရှော့အကြီးကြီးရှိပါတယ်။ ဒီအခြေခံတွေကိုသာ အချိန်ပေးပြီး လေ့လာပါ။ framework တွေ library တွေဆိုတာ အခြေခံရရင် tutorial ကြည့်စရာမလိုဘဲ documentation လေး ဖတ်ပြီး အသာအယာ သုံးရုံပါပဲ။
ဘာလို့ pure language တွေနဲ့ အခြေခံတွေကို သေချာအချိန်ပေးလေ့လာသင့်လဲဆိုတာကို ဒီ blog လေးမှာ ရှင်းပြပေးထားပါတယ်။ [Blog Post]
တစ်ခါထဲ လမ်းကြုံလို့ ဒီနေရာမှာ Git & GitHub ကိုလဲ သေချာလေ့လာပါ။ ဒါက အရေးကြီးပါတယ်။ အတန်းတစ်ချို့မှာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသားတစ်ချို့နဲ့ ကြုံဖူးလို့ပါ။ development & production ကိုလဲ လေ့လာပါ။ ဘယ်လို host လုပ်ရမလဲ။ domain knowledge စတာတွေကိုလဲ လေ့လာပါ။
တစ်ခုခု မဖြေရှင်းတတ်တဲ့အခါမှာ Group ထဲမှာ မေးတာဖြစ်ဖြစ် AI ကို မေးတာဖြစ်ဖြစ် ပြည့်ပြည့်စုံစုံမေးပါ။ Error message ကို screenshot ရိုက် နောက်ပြီး source code ကို GitHub ပေါ်တင်ပြီး ပြည့်ပြည့်စုံစုံမေးပါ။ ပိုပြီးကောင်းတာကတော့ စမ်းပြီးတဲ့ နည်းတွေကိုပါ တစ်ခါထဲ ထည့်ပြောပါ။ ဒါဆို ဖြေမဲ့သူတွေ အနေနဲ့ အချိန်ကုန်သက်သာပါတယ်။ Ai ကို မေးရင်တော့ သတိထားမေးပါ။ ပေါက်ကရတွေ ဖြေတတ်ပါတယ်။ ယုံပြီး သူခိုင်းတာတွေ အကုန်လျှောက်မလုပ်ပါနဲ့။
Personally အရတော့ absolute beginner တွေကို ai ကို မေးတာထက် group တွေ forum တွေမှာ မေးစေချင်ပါတယ်။ ပိုပြီး တိကျတဲ့ အဖြေရရှိမှာ ဖြစ်သလို Bonus အနေနဲ့ community ထဲက လူတွေနဲ့လဲ သိကျွမ်းလာမှာ ဖြစ်ပါတယ်။
ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ အခုလို နည်းပညာတွေ တိုးတက်နေချိန် AI ပေါင်းသောင်းခြောက်ထောင် ဖြစ်နေချိန်မှာ ကိုယ်က နောက်က မလိုက်နိုင်ရင် ကျန်ခဲ့မှာပါပဲ။ သူမ ချန်ထားခဲ့တာကိုတော့ ဘာမှမလုပ်နိုင်ဘဲ ကျန်နေခဲ့ရပေမဲ့ နည်းပညာလောကမှာတော့ အမြဲမပျက်လေ့လာသင်ယူနေရင် မကျန်ခဲ့ပါဘူး။ အသစ် အသစ်တွေကို လေ့လာသင်ယူဖို့ ပျင်းနေမယ်ဆိုရင်တော့ စာရင်းကိုင် ဘဝရောက်သွားပါလိမ့်မယ်။ ကိုယ်လေ့လာချင်တာ လေ့လာတာထပ် Job demand ပေါ်မူတည်ပြီး popular language / framework / library တွေကို တစ်ခုရရင် နောက်တစ်ခုလေ့လာ နောက်တစ်ခုရရင် နောက်တစ်ခုလေ့လာပါ။
နောက်ဆုံးကတော့ ဇွဲရှိရှိနဲ့ သေချာလေ့လာပါ။ ဖြေးဖြေးနဲ့ မှန်မှန်လေ့လာပါ။ အားရင် လိုက် flirt မနေဘဲ အကျိုးရှိတာ တစ်ခုခုကို လေ့လာပါ။ community ထဲမှာ active ဖြစ်အောင် နေပါ။ communication ကောင်းရင် သူ့အလိုလို အလုပ်က ရလာပါလိမ့်မယ်။
English မကျွမ်းရင်တောင် အနည်းဆုံး ထမင်းစား ရေသောက် ရေးဖတ် ပြောတတ် နားထောင် တတ်အောင် လေ့လာဖို့ recommend ပေးပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့လေ့လာမှု အရှိန်ကို boost လုပ်နိုင်ပါလိမ့်မယ်။ အာ့လို မဟုတ်ဘူး မြန်မာသင်တန်းတွေ ရှိနေတာပဲဆိုပြီး နေမယ်ဆိုရင်တော့ အချိန်တစ်ခုရောက်လာတဲ့ အခါမှာ သူများထက် နောက်ကျကျန်နေခဲ့ပါလိမ့်မယ်။
လက်လဲ ညောင်းနေပြီမို့ ဒီလောက်ပါပဲ။